မိဘတွေက ဆီစက်လုပ်ငန်းလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။ တတ်သိလွန်းလို့ မဟုတ်ပါဘူး။ ဗဟုသုတဝေမျှတဲ့ အနေနဲ့ ဒီဘလော့ဂ်လေး ရေးဖြစ်တာပါ။

Monday, November 4, 2013

Eleven မှာ ပါတဲ့ ဒေါက်တာခင်မောင်ညိုရဲ့ဆောင်းပါးပါ

မြန်မာ့ဆိုရှယ်လစ်စနစ် စလိုက်တယ် ဆိုကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ပေါ်ထွက်လာတာကတော့ ဆီစာအုပ်ပါပဲ။ မြန်မာ့ဆိုရှယ်လစ် ဖခင်ကြီး ဦးနေ၀င်းဟာ ကွမ်းယာဆိုင်တွေကအစ လမ်းဘေးဈေးဆိုင်တွေကို ပြည်သူပိုင် သိမ်းလိုက်လေတော့ လူတွေမှာ ပဲပြုတ်ကို ဆီဆမ်းပြီး စားဖို့ဆီတောင် ၀ယ်လို့မရတော့ဘူးလို့ ညည်းညူသံတွေကို ကြားဖူးပါတယ်။ ဆီဆိုတာကတော့ လူတွေရဲ့ အစားအသောက်တွေထဲမှာ ၁၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ အထိ လိုအပ်တယ်လို့ ဆိုထားတယ်လေ။ မြန်မာတွေကတော့ ဆီလက်ကြား ယိုစားတတ်တယ်။ အဲဒီ အချိန်မှာ ဆီတစ်ပိဿာ နှစ်ကျပ်ခွဲကနေ သုံးကျပ်ခွဲအထိ မှောင်ခိုဈေးမှာ တက်သွားလေတော့တယ်။ ဒါနဲ့ပဲ လူတိုင်းဆီဝယ်နိုင်ဖို့ အခွင့်အလမ်း ရှာကြရတယ်။ ဆိုရှယ်လစ် ဖခင်ကြီးတွေရဲ့ စီမံချက်အတိုင်း ဆီစာအုပ် ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့တယ်။ ဆိုရှယ်လစ် ၀ါဒဟာ သာတူညီမျှ ဖြစ်ရမှာကိုး။ မရှိအတူ ရှိအတူ ငါးပိ အတူတူစားဆိုတဲ့ ၀ါဒပေါ့။ ဒီလို စာအုပ်တွေကို လုပ်ပေးဖို့ ရပ်ကွက်ရှိ ငါးဦးကော်မတီ အဖွဲ့တွေ ဖွဲ့စည်းတော့တယ်။ ငါးဦးကော်မတီဟာ အာဏာပိုင် အဖွဲ့အစည်း တစ်စိတ်တစ်ဒေသ ဖြစ်လာတယ်။ လက်ကိုင်တုတ်တွေ ဖြစ်လာတယ်လို့လည်း အချို့က ဆိုတယ်။ ဒါကြောင့် ဆီစာအုပ်ဟာ အုပ်ချုပ်ရေး အဖွဲ့ကို အာဏာစတင် အပ်နှင်းလိုက်တာပဲလို့ ပြောနိုင်ပါတယ်။ ဆီစာအုပ်ဟာ အာဏာဆိုတာ သိသွားတဲ့ မဆလ အစိုးရဟာ အိမ်ထောင်စု သန်းခေါင်စာရင်း စာရွက်တွေနဲ့ ဆီစာအုပ်တွေကို တလေးတစား လုပ်လာကြတာ ဖြစ်တယ်။ ဆင်းရဲသားတွေကလည်း ဆီစာအုပ်ဟာ ပိုင်ဆိုင်မှု တစ်ခုလို့ သိလာတယ်။ ဆီစာအုပ်ကို ပေါင်လို့ရတယ်။ ရောင်းလို့လည်း ရလာတယ်။ တကယ်လည်း အာဏာပိုင် အဖွဲ့အစည်းတွေဟာ ၂၀၁၀ ပြည့်နှစ်အထိ စားအုန်းဆီတွေကို ထိန်းချုပ်ရောင်းဝယ် နေကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာထွက်တဲ့ မြေပဲဆီဟာ အင်မတန် ကောင်းမွန်ပြီး စားသုံးရန်သင့်တဲ့ ဆီပါပဲ။ သူဟာ မပြည့်ဝတဲ့ အဆီတွေ ပါနေတယ်လို့ အင်မတန် ကောင်းတဲ့ဆီလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ မြေပဲဆီဟာ ဈေးကြီးတယ်။ ဈေးပေါတဲ့ စားအုန်းဆီကို ကုမ္ပဏီတွေက မတန်တဆ အမြတ်ကြီးစားကာ တင်သွင်းကြပြန်တယ်။ တစ်ဖက်ကလည်း ကုန်သည်ဝိသမ လောဘသားတွေက ဒီစားအုန်းဆီကို အရောင်ဆိုး အနံ့ထည့်ကာ အမြတ်တင် ရောင်းပြန်သေးတယ်။ မြေပဲဆီ အတုပေါ့။ ဒါပေမဲ့ ပြည်သူက သိတယ်။ မြေပဲဆီမှာ မပြည့်ဝ ဖက်တီးအက်စစ်တွေ များတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲ ထည့်ရင် တော်ရုံတန်ရုံနဲ့ မခဲပါဘူး။ စားအုန်းဆီကတော့ ခဲတာပဲ။ ဒီတော့ ဆီမခဲရအောင် ဆီရဲ့အရည်ခဲမှတ်ကို နှိမ့်ချလိုက်တယ်။ ဒါကို Depression of freezing point လို့ ခေါ်ပါတယ်။ အတု လုပ်သူတွေဟာ အရည်တစ်ခုထဲကို ဆားတစ်ခုခု ပျော်ဝင်စေလိုက်ရင် ခဲမှတ်နိမ့်ကျ သွားမယ်ဆိုတာကို သိဟန်တူတယ်။ ရေခဲသေတ္တာထဲမှာ တော်ရုံနဲ့ မခဲတော့ဘူးပေါ့။ ဒါပေမဲ့ ဆားတွေဟာ ဆီထဲမပျော်ဝင်ဘူး။ ဒီတော့ သူတို့ဘာလုပ်လဲ။ ဆပ်ပြာရည်ကို ထည့်တော့တာပဲ။ ဆပ်ပြာဆိုတာ ဆားပါ။ သူ့ကို Sodium salt of fatty acid လို့ ခေါ်တယ်။ ဆိုဒီယံ ဆားပေါ့ဗျာ။ သူဟာ ရေထဲလည်း ပျော်သလို ဆီထဲလည်း ပျော်ဝင်တယ်။ အဲဒီ ဆပ်ပြာပျော်ဝင်နေတဲ့ ဆီဟာ ခဲမှတ်နိမ့်သွားပါတယ်။ ရေခဲသေတ္တာထဲမှာ တော်ရုံနဲ့ မခဲတော့ဘူး။ ဒါဆို သူတို့အတွက် အဆင်ပြေတာပေါ့။ အဲဒီ ဆပ်ပြာထည့်ထားတဲ့ ဆီကို အရောင်ဆိုး မြေပဲအနံ့ ထည့်လိုက်တော့ သူတို့လိုတဲ့ဈေးနဲ့ ရောင်းလို့ရတာပေါ့။ ပျမ်းမျှ တစ်ပိဿာ ကျပ်နှစ်ထောင်ဈေးရှိတဲ့ စားအုန်းဆီဟာ ကျပ်လေးထောင် အသာလေး ရောင်းလို့ရလာတယ်။ အဲဒီဆီ ဘာဆိုးကျိုးပေးလဲ။ မသိကြတာ အမှန်ပဲ။ ကမ္ဘာမှာ ဒီလိုပြဿနာတွေ ရှိမှမရှိဘဲ။ လုပ်ငန်းရှင်များဟာ ပြည်သူများကို ငဲ့ညှာသောအားဖြင့် မှန်မှန်ကန်ကန်လုပ်ဖို့ လိုသလို ဒါကိုစစ်ဆေးဖို့၊ တားဆီးဖို့ အစိုးရအပြင် စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ် . . . . . မကြာသေးမီကလည်း ဆီထဲကို ပလတ်စတစ် ရေသန့်ဘူးတွေထည့်ပြီး အကြော်တွေ ကြော်သတဲ့။ ဒါဟာလည်း ဆူမှတ်မြင့်စေတဲ့ elevation of boiling point ဖြစ်လို့ အကြော်တွေဟာ ကြွပ်ရွသွားပါတယ်။ သို့သော် ဆိုးကျိုးအများကြီး ဖြစ်စေမှာ အသေအချာပေါ့။ မြန်မာပြည်က ၀ိသမ လောဘသားတွေဟာ ဒီလိုဥာဏ်နီ ဥာဏ်နက်တွေများပြီး ဘနဖူးကို သိုက်တူးတာ ဆိုးပါတယ်။ တကယ်တော့ ပြည့်ဝဆီ အချို့ဟာ လူတွေထင်သလောက် ကိုယ်လက်စထရောကို မတက်စေပါဘူး။ လူတွေကိုလည်း ဒုက္ခသိပ် မပေးပါဘူး။ ဥပမာ-စာအုန်းဆီမှာ ပါဝင်တဲ့ဆီ Palmitic acid ကို လေ့လာကြည့်တဲ့အခါ သူဟာ ပြည့်ဝဆီ ဖြစ်သော်လည်း ကိုယ်လက်စထရောအပေါ် သက်ရောက်မှု မရှိဘူး။ ဓာတ်ပြယ်နေပါတယ်။ Neutral ဖြစ်နေသတဲ့။ အဲဒါအပြင် စာအုန်းဆီဟာ သွေးမှာရှိတဲ့ ကိုယ်လက်စထရောကို လျော့ကျစေတယ်။ တကယ်တော့ ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်ဖို့ ပြည့်ဝဆီတွေ လိုပါတယ်။ အုန်းဆီ၊ သတ္တ၀ါတွေရဲ့အဆီ နွားနို့ထောပတ် စတာတွေဟာ အတိုင်းအတာ တစ်ခုအထိ စားသောက်နိုင်ပါတယ်။ အုန်းဆီကို ကျွန်တော်တို့ အိမ်နီးနားချင်းတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့က နေ့စဉ်စားသုံး နေကြပါတယ်။ အုန်းဆီဟာ အင်မတန် ပြည့်ဝတဲ့ဆီပါပဲ။ ဒီဆီတွေဟာ ကောင်းတဲ့ကိုယ်လက်စထရောကို မြင့်တက်စေတယ်လို့ ဆိုတယ်။ ကျွန်တော်တို့တစ်တွေက ရေခဲသေတ္တာထဲထားရင် ခဲတဲ့ဆီကို မကောင်းဘူးလို့ ယူဆကြတယ်။ ဒါကြောင့် ၀ိသမ လောဘသမားတွေက ဆီကိုမခဲအောင် မမှန်ကန်တဲ့ နည်းတွေနဲ့ ကြိုးစားလာကြတာ ဖြစ်တယ်။ ဒါဟာ အကြီးအကျယ် လွဲမှားနေပါတယ်။ အချုပ်ပြောရရင်တော့ ဈေးပေါတဲ့ စားအုန်းဆီ စားသုံးတာဟာ ပိုပြီးလို့တောင် အန္တရာယ်ကင်းသလို ဖြစ်နေပါသေးတယ်။ တစ်ခုတော့ ရှိတယ်။ မြန်မာပြည်ကို မလေးရှားက ဆပ်ပြာချက်တဲ့ Industrial လုပ်ငန်းသုံး အုန်းဆီတွေကို မသွင်းဖို့တော့ လိုပါတယ်။ လုပ်ငန်းရှင်များဟာ ပြည်သူများကို ငဲ့ညှာသောအားဖြင့် မှန်မှန်ကန်ကန်လုပ်ဖို့ လိုသလို ဒါကိုစစ်ဆေးဖို့၊ တားဆီးဖို့ အစိုးရအပြင် စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ တရားဥပဒေ စိုးမိုးနိုင်ပါစေ။

0 comments:

Post a Comment