စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး Thursday, Sep 12 2013 Written by ကေတု Смесители для душа и ванны Детские игрушки, развивающие игры Print Email စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာနှင့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတို့တွင် ကိတ်မုန့် စားသုံးရာမှ အစာ အဆိပ်သင့်၍ သေဆုံးသော သတင်းတစ်ပုဒ် ပါလာသည်။ သတင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် တောင်ပုံကျေးရွာနေ အသက် သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးဖြစ်သူ မမေမြတ်နိုးသည် ကိတ်မုန့် စားသုံးမိရာမှ အော့အန်ပြီး သတိလစ် မေ့မြောခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့သည့် သတင်းဖြစ် သည်။ နှစ်ဆန်းပိုင်း ကာလကလည်း မန္တလေးတိုင်း ဒေသကြီး နှင့် ဒေသအချို့တို့၌ လူအချို့တွင် အစာ အဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ကြားသိခဲ့ရသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံကြီးတစ်ခုတွင် မကြာသေးသော ကာလကလည်း စာသင်ကျောင်း တစ်ခု၌ အစာ အဆိပ်သင့် မှု ဖြစ်ပွားခဲ့သဖြင့် ကျောင်းသားငယ် အချို့ သေဆုံးမှု ရှိခဲ့ကြောင်းနှင့် ကျောင်းသား အများအပြား ဆေးကုသမှု ခံယူခဲ့ကြရကြောင်း သတင်းများ တွင် တွေ့မြင်ခဲ့ရသည်။ နိုင်ငံတွင်း၌ ထုတ်လုပ်/ တင်သွင်း/တင်ပို့/ ရောင်းချ နေကြသော မည်သည့် အစားအသောက်မဆို၊ မည်သည့် ဆေးဝါးမဆို၊ မည်သည့် အလှကုန် ပစ္စည်းမဆို ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန၌ မှတ်ပုံတင်ပြီးနောက် တရားဝင် ခွင့်ပြုချက် ရရှိမှသာ ထုတ်လုပ်ဖြန့်ချိ တင်သွင်း ရောင်းချပိုင်ခွင့် ရှိသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရမှ ဥပဒေများ ပြဋ္ဌာန်း၍ တိတိကျကျ သတ်မှတ် ထားပြီး ဖြစ်သည်။ သို့သော် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချသူများ အားလုံးက ဥပဒေပါ သတ်မှတ်ထားချက် များကို တိတိကျကျ လိုက်နာကျင့် သုံးမှု ရှိကြပါရဲ့လားဆိုသည်ကို စိစစ်လေ့လာ ဆန်းစစ်ကြ ရန် အထူးပင် လိုအပ်နေပြီ ဖြစ်သည်။ အစားအသောက်၊ ဆေးဝါး စသည်ဖြင့် စားသုံးဖွယ်ရာ များကို ထုတ်လုပ် ရောင်းချသူ အချို့၏ စည်းမျဉ်းစည်းကမ်း မလိုက်နာမှု များကြောင့် ပြည်သူတို့ စားသုံးရန် မသင့်သော အစားအသောက်များ၊ ဆေးဝါးများ စသည်ဖြင့် ကြေညာချက်များကို မကြာခဏဆိုသလို သတင်းစာများတွင် တွေ့မြင်နေ ရခြင်းဖြစ်ပါသည်။ ပြည်တွင်း ဈေးကွက်များ၌ ရောင်းချနေကြသော အစားအသောက်များကို လေ့လာကြည့်ရာတွင် ဓာတုဗေဒ ဆိုးဆေး ကင်းသော၊ ပိုးသတ်ဆေးကင်းသော အစားအသောက်ဟူ၍ မတွေ့ရသလောက် ရှားပါးနေပြီဖြစ်သည်။ မျှစ်တွင်လည်း ဆေးနီ၊ ဆေးဝါ ဆိုးသည်။ သားငါးများတွင်လည်း လတ်ဆတ်သည် ထင်ရအောင် ဆိုးဆေးများ ဆိုးသည်။ သရက်သီး၊ ငှက်ပျောသီးစသည့် အသီးအနှံများကိုလည်း မြန်မြန် ရင့်မှည့်စေရန် ဓာတုဆေးရည်များ သုံးစွဲသည်။ ပုစွန်ခြောက်တွင်လည်း ဆိုးဆေးပါသည်။ ထို့အတူ ဝက်အူချောင်း၊ ကြက်အူချောင်း စသည်တို့တွင်လည်း ဓာတုပစ္စည်း မကင်းပါ။ လက်ဖက် ခြောက်နှင့် လက်ဖက်အစို တို့ကိုလည်း ဆိုးဆေးများ ဆိုးကြသည်။ နောက်ဆုံးတွင် နနွင်းမှုန့်နှင့် ငြုပ်သီးမှုန့်တို့ အထိ ဆိုးဆေးက ပါလိုက်သေးသည်။ စာရေးသူတို့ နိုင်ငံ၌ အစားအသောက်များ ထဲတွင် ထည့်သွင်း အသုံးပြုရန် အန္တရာယ် မရှိသော (အန္တရာယ် မရှိသော ဆိုတာထက် အန္တရာယ်နည်းသော ဆိုတာက ပိုမှန်ပါလိမ့်မည်) ဆိုးဆေးမျိုး ၂ဝ ခန့်ကို ခွင့်ပြုထားသော်လည်း အဆိုပါ ဆိုးဆေးများမှာ ဈေးကြီးလွန်းသဖြင့် ချည်ထည် ဆိုးဆေးများကို အစားထိုး အသုံးပြုကြကြောင်း ကြားသိ နေရသည်။ ကြောက်စရာ အလွန်ကောင်းသည်။ စာရေးသူတို့ လူမျိုးကလည်း တော်တော် ထူးဆန်းသည်။ အစားအသောက် ဝယ်ယူရာ၌ပင် လှတာမက်ကြသည်။ အရောင်လှလှ လေးတွေ ကိုမှ ရွေးဝယ်ကြသည်။ မျှစ်ဆိုလျှင်လည်း နီရဲနေမှ သဘောကျသည်။ ဒီတော့ စီးပွားရေးသမားများ (အထူးသဖြင့် ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် အတ္တကြီးသော စီးပွားရေး သမားများ)၏ စိတ်ကြိုက် တွေ့ကုန်ကြတော့သည်။ ထမင်းဝိုင်းတွင် မပါလျှင် မပြီးသည့် မြန်မာလူမျိုး အကြိုက် ငါးပိရည်ကျို ထဲတွင် ဓာတ်မြေသြဇာများ ပါဝင်နေကြောင်း တလောတုန်းက သတင်းများ ကြားသိရပြန်တော့ ငါးပိရည်ကျို ကြိုက်သည့် စာရေးသူမှာ ငါးပိရည်ကျို မစားရဲ တော့ပါ။ အစားအသောက် သီးနှံများကို ပိုးမွှားအန္တရာယ်မှ ကာကွယ်ရန်၊ အထွက်တိုးရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ ပက်ဖျန်းကြရသည်။ ဤနေရာတွင် သီးနှံများကို ပက်ဖျန်းရမည့် ပိုးသတ်ဆေး ပမာဏ၊ ဓာတ်မြေသြဇာ ပမာဏကို တိတိကျကျ သိရှိ၍ သတ်မှတ်ချက် အတိုင်း လိုက်နာကြရန်လည်း လိုအပ်သည်။ သီးနှံပင်များ ကို ပိုးသတ်ဆေး ပက်ဖျန်းပြီး ရက်မည်မျှကြာမှ ခူးဆွတ်ရ မည်ဟူသော သတ်မှတ်ချက်ကိုလည်း လိုက်နာကြရပေမည်။ အဆိုပါ သတ်မှတ်ချက်ကို မလိုက်နာဘဲ ပိုးသတ်ဆေးပက် ဖျန်းပြီး သတ်မှတ်ရက် မရောက်မီ အချိန်စောကာ ခူးဆွတ် စားသုံးမိ၍ အန္တရာယ် ဖြစ်ကြရသည့် သာဓကများကလည်း မနည်းတော့ပါ။ ထို့အတူ နိုင်ငံခြားက လာသည်ဟု ပြောကြသော (မှန်ချင်လည်း မှန်မည်/မှန်ချင်မှလည်း မှန်မည်)ပန်းသီးကြီး ကြီးပွပွကြီးများ၊ မာလကာသီး ကြီးကြီး ပွပွကြီးများ၊ ဆီးသီး ကြီးကြီး ပွပွကြီးများက မြန်မာပြည်တွင်းဖြစ် ပန်းသီးများ၊ မာလကာသီးများ၊ ဆီးသီးများ နေရာတွင် အစားထိုး ဝင်ရောက် နေရာယူလာကြသည်။ ၎င်းအသီးအနှံ များကလည်း အသီးအား ကောင်းစေသော ဆေးဝါးများ၊ ရင့်မှည့် မြန်စေသော ဆေးဝါးများ တန်ခိုးဖြင့် ကြီးချင်တိုင်းကြီးပြီး ရင့်မှည့် မြန်နေကြတာဖြစ်သည်။ ဤမျှမကသေးပါ။ စားသုံးဆီ ပြဿနာကလည်း မသေးပါ။ ပြည်တွင်း၌ မြေပဲဆီ၊ နှမ်းဆီ စစ်စစ်တွေရှိပါ လျက် မိမိတို့သည် ဘာကြောင့် ဆီစစ်စစ်တွေကို မစား ကြရပါသလဲဆိုတာ စဉ်းစားစရာပါ။ ဝိသမလောဘသား စီးပွားရေးသမားများက ဆီများကို ဓာတုပစ္စည်းတွေရော နှောပြီး ဈေးပေါပေါနှင့် ရောင်းချကြသည်။ အခြေခံ လူတန်းစား၊ လက်လုပ်လက်စားများ၏ အားနည်းချက်ကို ခုတုံးလုပ်၍ မူမမှန် စီးပွားရှာကြခြင်းဖြစ်သည်။ စိတ်ဓာတ် အောက်တန်းကျသူတို့၏ စီးပွားရေး ရှာနည်းဖြစ်သည်။ မြေပဲဆီ လိုချင်သလား၊ နှမ်းဆီ လိုချင်သလား ဈေးသက် သက်သာသာနှင့် အကုန်ရရသည်။ မြေပဲဆီ အစစ်၊ နှမ်းဆီ အစစ်တော့ မဟုတ်ပါ။ မြေပဲဆီ အနံ့၊ နှမ်းဆီအနံ့ ထည့်ထားခြင်း ဖြစ်ပါသည်။ ကြိုက်ရာအနံ့ ရော၍ ရသည်ဟု ကြားသိ ရပါသည်။ ဆီများ ခဲမသွားစေရန်လည်း ဓာတုပစ္စည်းတစ် မျိုးထည့်သည်ဟု ကြားသိရပါသည်။ ဒီလို စားသုံးဆီမျိုးတွေ ကလည်း ဈေးကွက်အနှံ့ နေရာယူ ထားကြပေသည်။ ကလေးများစားသော မုန့်ပဲ သရေစာများကလည်း အန္တရာယ် ပေးတတ်ပါသည်။ အိမ်နီးချင်း တရုတ်နိုင်ငံမှ တင်သွင်းလာသော မုန့်များကို အချို့သော စာသင်ကျောင်း များက ရောင်းချခွင့် မပြုကြောင်း ကြားသိရသည်။ စားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများ၌ လုပ်ကိုင် နေကြသော အစားအသောက် ကိုင်တွယ်သူ ဝန်ထမ်းများအား သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဦးစီးဌာနများတွင် ဆေး စစ်ချက် မှတ်တမ်း ရယူထားမည်ဖြစ်ပြီး တစ်နှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးရန်လည်း လိုအပ်သည်။ အဓိကကျသော ဤအချက်ကိုပင် အပြည့်အဝ လိုက်နာကြပါရဲ့လား ဆိုသည်ကို ဆန်းစစ်ရန် လိုအပ်ပေသည်။ အစားအသောက် ထုတ်လုပ်သော လုပ်ငန်းအနေဖြင့် အစားအသောက်၏ အမှတ်တံဆိပ်တွင် ဖော်ပြရန်အတွက် သတ်မှတ်ထားသည့် အချက်များ ရှိပေသည်။ ဥပမာ- ကိတ် မုန့်ဆိုပါစို့၊ ကိတ်မုန့်နှင့် ပတ်သက်၍ အမှတ်တံဆိပ် (Brand Name) ၊ အစားအသောက် အမည် (Kind of Food) ၊ ပါဝင် ပစ္စည်း အမျိုးအမည် ဖော်ပြချက် (Ingredients) ၊ ပါဝင်မှု ပမာဏ (Net Weight) ၊ ထုတ်လုပ်ရက်စွဲ အမှတ်အသား (Date Marking) ၊ ထုတ်လုပ် အပတ်စဉ် အမှတ် (Code No./ Batch No./Lot No.) ၊ ထုတ်လုပ် ရက်စွဲ (Manufacturing Date) ၊ သက်တမ်းကုန် ရက်စွဲ၊ အကောင်းဆုံး စားသုံးရန် ရက်စွဲ (Expiry Date/ Best Before Date) ၊ ထုတ်လုပ်သူ အမည်နှင့် လိပ်စာ ဖော်ပြချက် (Manufacturer Name and Address) ၊ ထုတ်လုပ်သည့် တိုင်းပြည် (Country of Origin) ၊ အခြား ဖော်ပြချက်များ ထားသိုရန် အညွှန်း (Storage Instruction)၊ သုံးစွဲရန်အညွှန်း (Direction for Use) စသည်တို့ကို ပြည့်စုံ စွာ ဖော်ပြရန် လိုအပ်သည်။ သို့သော် စာရေးသူတို့ တိုင်းပြည် အတွင်း၌ ထုတ်လုပ် ရောင်းချနေကြသော အစားအသောက် အချို့တို့မှာ အထက်ပါ အချက်များကို လိုက်နာ ကျင့်သုံးခြင်း မရှိကြောင်း တွေ့ရှိ နေရသည်။ စာရေးသူ နေထိုင်ရာ ဒေသတွင် ရောင်းချနေသော နာမည်ကြီး မုန့်တစ်မျိုးသည် များသောအားဖြင့် မုန့်ဘူး၊ မုန့်အိတ်တို့၌ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲတို့ မပါဝင်သည်ကို တွေ့နေရသည်။ နောက်ပိုင်းတွင် အဆိုပါ မုန့်တိုက်မှ ထုတ်သော အချို့မုန့်ဘူး၊ မုန့်အိတ်များ တွင် သက်တမ်းကုန် ရက်စွဲ ကပ်ထားသည်ကို သတိထားမိ ပါသည်။ ထိုသို့ ကပ်ထားသည် ဆိုရာတွင်လည်း အဆိုပါ မုန့်တိုက်မှ ထုတ်သော မုန့်ထုပ်အားလုံးတွင် မဟုတ်သေးပါ။ အဆိုပါ မုန့်တိုက်မှ ထုတ်သော မုန့်အမျိုးအစား အချို့တွင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲတို့ မပါသေးသည်ကို တွေ့နေရသည်။ အချို့သော မုန့်ထုပ်၊ မုန့်ဘူးများတွင် ကပ်ထားသည့် သက်တမ်းကုန် ရက်စွဲ အမှတ်အသားများသည် ကုန်ပစ္စည်း များ၌ ဈေးနှုန်းကပ်သည့် စတစ်ကာ စက္ကူလေးများဖြင့် ရိုက်နှိပ်၍ ကပ်ထားကြောင်းကိုလည်း တွေ့နေရသည်။ အဆိုပါ စက္ကူစလေးများသည် အချိန်မရွေး အလွယ်တကူ ကွာကျ သွားနိုင်သည်ကိုလည်း တွေ့ရှိရသည်။ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲကပ်ခြင်းနှင့် ပတ်သက်၍ ထိုကဲ့သို့ ကပ်ထားသော စာရွက်များသည် မုန့်ထုပ်၊ မုန့်ဘူးများပေါ်မှ အလွယ်တကူ ကွာထွက်သွား ခြင်း မရှိစေရန် ဆောင်ရွက်သင့်ပေသည်။ အမှတ်တံဆိပ် ပေါ်တွင် ပါရှိသည့် အချက်များကို စားသုံးသူက သာမန် အခြေအနေ၌ အလွယ်တကူ မြင်နိုင် ဖတ်ရှုနိုင်ရန် ဖော်ပြ သင့်ပေသည်။ သို့သော် အချို့သော စားသောက်ကုန်များ၊ အချို့သော ဆေးဝါးကတ်များတွင် ဖော်ပြထားသော သက်တမ်းကုန် ရက်စွဲများသည် အတော်ပင် ခက်ခက်ခဲခဲ ဖတ်မှ ဖတ်၍ရသည့် အနေအထားတွင် ရှိနေသည်။ အစားအသောက် ထုတ်လုပ် ရောင်းချသူများ အနေဖြင့် မိမိထုတ်လုပ် ရောင်းချမည့် အစားအသောက်နှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သတ်မှတ်ထားသော ထုပ်ပိုးခြင်း၊ တံဆိပ်ကပ်ခြင်း၊ ကြော်ငြာခြင်း ဆိုင်ရာ လိုက်နာရမည့် သတ်မှတ်ချက်များ အတိုင်း ပြုလုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချ သင့်သည်။ စားသုံးသူကို တန်ဖိုးထား လေးစားသင့်ပေသည်။ အစားအသောက် အတွင်း ထည့်သွင်း ပြုလုပ်ရသော ကုန်ကြမ်း ပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်၍လည်း သတ်မှတ်ထားချက်များ အတိုင်း စစ်မှန်သော ပစ္စည်းများကိုသာ သုံးစွဲသင့်ပေသည်။ သက်တမ်း ကုန်ဆုံးမည့် ရက်စွဲကိုလည်း တိတိကျကျနှင့် စနစ်တကျ သတ်မှတ်ပြီး အလွယ်တကူ ဖတ်ရှု၍ ရသောနေရာ၌ ရေသား ထားသင့်သည်။ စားသုံးသူများအား ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များ စားသုံးနိုင်ခွင့် ရရှိရေး အတွက် စားသုံးသူ အကာအကွယ် ပေးရေးနှင့် ပတ်သက်သော ဥပဒေများကို အာဆီယံနိုင်ငံအများစုတွင် ရေးဆွဲပြဋ္ဌာန်း ထားပြီး ဖြစ် ကြောင်း သိရှိရပေသည်။ ယခုအခါ၌ မြန်မာနိုင်ငံ အနေနှင့် လည်း စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စတင်ကြိုးပမ်း ဆောင်ရွက် နေပြီဖြစ်သည်။ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်း များကိုလည်း မိုဘိုင်း စစ်ဆင်ရေး အဖွဲ့များဖြင့်ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့မြင်နေရသည်။ သို့ပါ၍ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ၏ အရည်အသွေး ကောင်းမွန်မှု၊ အကျိုး အာနိသင်ရှိမှုနှင့် ကျန်းမာရေး အတွက် ဘေးအန္တရာယ် ကင်းရှင်းစေမှု တို့ကို စံချိန်စံညွှန်း စနစ်တကျ သတ်မှတ်ပေး ရန်နှင့် သုံးစွဲသူပြည်သူများ ကျန်းမာရေးဘေးကင်း လုံခြုံရေးကို စောင့်ရှောက်မှုပေးရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပေသည်။ သို့မှသာ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများမှ ဘေးအန္တရာယ် ဖြစ်ပွားခြင်းများ လျော့နည်း ပပျောက်သွားကာ စားသုံးသူများ အတွက် လုံလောက်သော အာမခံချက်များ ရရှိပြီး စိတ်ချလက်ချ စားသောက် သုံးစွဲနိုင်မည် ဖြစ်သဖြင့် ပြည်သူများ ရောဂါဘယ ကင်းရှင်းကာ ပျမ်းမျှ လူ့သက်တမ်းနှင့် ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်မှုများ မြင့်မား တိုးတက်လာမည် ဖြစ်ပါကြောင်းနှင့် မလိုလားအပ်သော အသက် ဆုံးရှုံး နေရမှုများမှလည်း ကာကွယ် ပေးနိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ် ပါသည်။ ။
0 comments:
Post a Comment