မိဘတွေက ဆီစက်လုပ်ငန်းလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။ တတ်သိလွန်းလို့ မဟုတ်ပါဘူး။ ဗဟုသုတဝေမျှတဲ့ အနေနဲ့ ဒီဘလော့ဂ်လေး ရေးဖြစ်တာပါ။

Friday, November 1, 2013

“ဆီသန့်ရင် အသားလည်းမဖြစ်၊ ဘေးလည်းမဖြစ် ဆီမသန့်ရင် အသားမဖြစ်သော်လည်း ဘေးဖြစ်သည်”

ကျန်းမာရေး အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမျှုတွေအရ ဆီ ကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ် စေနိုင်ကြောင်း၊ အသဲအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အ၀လွန်ခြင်း စတဲ့..... ရောဂါပေါင်းသောင်းခြောက်ထောင် ဖြစ်စေနိုင်ကြောင်း ဒါကြောင့် ဆီကို အလွန်အကျွံမစားသုံးကြဖို့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာအုပ်တွေ ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှလည်း “ဆီစားလို့ အသားမဖြစ်၊ ဆီများ၍ ဘေးဖြစ် သည်” ဆိုတဲ့ ပညာပေးဇာတ်လမ်းလေးကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည် ကိုလည်း အကြိမ်ကြိမ် ကြည့်ခဲ့ဖူးပါတယ်။ ဒါတွေက ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဆီရဲ့ ဆိုးကျိုးတွေပါ။ သို့သော် . . . . . လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဆန့်ကျင်ဖက်တွေ တွေ့ရမှာပါ။ ကျွန်တော်တို့ မြန်မာ (ဗမာ) တိုင်းရင်းသားများဟာ ဟိုး ရှေးပဝေသဏီ ဘိုးဘွားဘီဘင်များ လက်ထက်ကစလို့ ယခုအချိန်အခါအထိ မည်သည့် စားသောက်ဖွယ်ရာများကို စီမံချက်ပြုတ်သည် ဖြစ်စေ ဆီကို မြောက်မြားစွာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ အဲဒီလို ဆီများစွာ ထည့်ချက်ထားတဲ့ ဟင်းလျားများပေါ်မှာလည်း ဂုဏ်ယူဝံ့ကြွားလေ့ရှိကြပါတယ်။ ဆီမပါတဲ့ဟင်းလျား (ဆီနည်းတဲ့ ဟင်းလျာ)တွေကို မြန်မာလူများတို့ရဲ့ အရသာခံ အာရုံတွေက စားလို့မကောင်းဘူးလို့ သတ်မှတ်ခဲ့တာ နှစ်ပေါင်းရာထောင်ချီခဲ့ပါပြီ။ ဘာဟင်းမှ မပါရင်နေပါစေ ထမင်းခဲကြမ်းကို ပဲဆီမွှေမွေးလေးဆမ်း၊ ဆားဖြူးပြီး မနက်စာကို ပြီးမြောက်စေပါတယ်တဲ့။ ဆမ်းထားတဲ့ ဆီမကောင်းရင်တော့ စားဖို့ မပြောနဲ့ နမ်းတောင်မကြည့်တာက မြန်မာတို့ရဲ့ စွဲလမ်းမှု တစ်ခုပါပဲ။ ဒါ့အပြင် . . . . . ဥရောပနိုင်ငံတွေမှာ တွေ့ရခဲပြီး၊ အာရှတိုက်က နိုင်ငံတွေမှာသာ အတွေ့ရ များတဲ့ လက်သုပ်စုံ အစားအစာတွေဟာ မြန်မာတို့ရဲ့ အသဲစွဲ အစားအစာများပါပဲ။ မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ လက်ဖက်ရည်ကြမ်း၊ လက်ဖက်သုပ်၊ ထန်းလျက်၊ ဆေးလိပ်၊ ကွမ်းအစ်တို့နဲ့ ဧည့်သည်ကို ဧည့်ခံတတ်တဲ့ဓလေ့ဟာလည်း မြန်မာ့လူ့အသိုင်းအ၀န်းရဲ့ ဖော်ရွေမှု၊ သိတတ်မှု၊ ဧည့်ဝတ်ကျေပွန်မှု၊ သဘောထားဖြူစင်မှုတွေကို ပြသနေသည့် အပြင် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ဒါနပါရမီတွေကို ဖြည့်ဆည်းနေကြတယ်လို့ ယူဆမည်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ . . . . ကျွေးရပြီး အကောင်းပြော မခံရတဲ့ အဖြစ်တွေကလည်း ရှိနေပါသေးတယ်။ “ဟင် မင်းတို့ လက်ဖက်သုပ်ကလည်း ဆီမပါ ပျားမပါနဲ့” “ဟင် လက်ဖက်သားလေးက ကောင်းပါရဲ့ကွာ၊ ဆီက မကောင်း တော့ စားရတာ အဆင်မပြေဘူး” စတဲ့ ဝေဖန်သံတွေက ကြားနေ ကြ စကားသံတွေပေါ့။ ကျွေးတဲ့လူကလည်း စေတနာ အပြည့်၊ စားတဲ့လူကလည်း ကျေးဇူးတင်မှုတွေ အပြည့်နဲ့ပေမဲ့လည်း ဆီလေး တစ်စက်အတွက် စကားများ၊ ရန်ဖြစ်ကြတဲ့ မိတ်ဆွေတွေ အများကြီးတွေ့ဖူးမှာပေါ့။ ကဲ..... ရေးတာတွေလည်း များနေပြီ။ နိဂုံးချုပ်ကြပါစို့။ ပြဿနာတွေ ဖြေရှင်းရာမှာ (Second Way) ဒုတိယနည်းလမ်းဆိုတာ ရှိစမြဲပါ။ ဆီများလို့ ဘေးဖြစ်သည်နဲ့ ဆီမပါရင် မစားတတ်ဘူးဆိုတဲ့ ပြဿနာကို ဆီသန့်၊ ဆီစစ်ကို လိုအပ်သလောက်သာ စားမည်လို့ ဖြေရှင်းကြည့်ရအောင်ဗျာ။ အဓိကပြောချင်တာက ..... ရှေးမြန်မာတွေ ဆီရွှဲရွှဲစားခဲ့ပေမဲ့ ဒီဘက်ခေတ်လောက် ရောဂါတွေ မဖြစ်တာ ဘာကြောင့်လဲ? ဒီခေတ်မြန်မာတွေမှာတော့ (ငွေကြေး၊ အခက်အခဲ၊ ကျန်းမာရေးအသိတွေကြောင့်) ဆီများများ မစားပေမဲ့ ရောဂါတွေ ဖြစ်ကြတာ ဘာကြောင့်? အဖြေက ရှင်းပါတယ်။ ရှေးမြန်မာများသည် ကျန်းမာရေးနဲ့ သင့်တော်သော ဆီသန့်၊ ဆီစစ်များ၊ သဘာဝအတိုင်း ရရှိသော ဆီများကိုသာ စားသုံးကြ၏။ ယနေ့ခေတ်မြန်မာများသည် ကျန်းမာရေးနှင့် မသင့်တော်သော ဆီမသန့်၊ ဆီမစစ် (အရောအနှောများပါဝင်)၊ သဘာဝအတိုင်း ရရှိခြင်း မဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်သော ဆီများကို စားသုံးနေကြလို့ပါဘဲ။ အောက်တစ်ပိုဒ်က ကြော်ငြာပါ ....................... ကျွန်တော့်မှာ ကိုယ့်အတွေးနဲ့ကိုယ် ဖော်ထုတ်ထားတဲ့ ဆောင်ပုဒ် တစ်ခုရှိတယ်။ “မိမိ တို့၏ အမြတ်အစွန်းကို စားသုံးသူ၏ ကျန်းမာရေးနှင့် မလဲလှယ်ပါ”လို့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆီစက်ပိုင်တွေ၊ ဆီထုတ်လုပ်သူတွေအတွက် စားအုန်းဆီ ဆိုတာကြီးက တကယ့်ကို ဒုတိယဘုရားသခင်ပါပဲ။ သူ့ကိုသာ အသုံးချမယ်ဆိုရင် အမြတ်အစွန်းက အဆမတန်ကို များပြားတာ အသေချာပဲ။ ဒါပေမဲ့ စားသုံးသူတွေအတွက် ရလာမဲ့ ကျန်းမာရေးဆိုးကျိုးတွေကလည်း အဆမတန် များပြားမှာ အသေအချာပါပဲ။ ကျွန်တော်တို့ ဆီစက်ကတော့ အဲဒီလို အဆမတန် များပြားတဲ့ အမြတ်အစွန်းတွေကို လျစ်လျူ ရှုပြီး စားသုံးသူတွေဖြစ်လာမဲ့ အဆမတန် များပြားတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဂရုစိုက်လို့ စားအုန်းဆီဆိုတဲ့ ဒုတိယဘုရားသခင်ကြီးကို မကိုးကွယ်ခဲ့၊ မကိုး ကွယ်ဆဲ၊ နောင်မှာလည်း ကိုးကွယ်မှာ မဟုတ်ဘဲ စားသုံးသူတွေရဲ့ သစ္စာတရားကို အမြဲတမ်း ထာဝရ စောင့်သိနေမှာပါ။ အားလုံးကို အကြံပေးချင်တာက ရေတို ဈေးသက်သာမှု တစ်ခုတည်းကို မကြည့်ဘဲ ရေရှည်မှာ ကျန်းမာရေးအတွက် ပိုမို သင့်တော်သည့် မြေပဲဆီ စစ်များကိုသာ စားသုံး ကြပါလို့။ မြေပဲဆီ စစ်စစ်ကလည်း ကျွန်တော်တို့ “အောင်ကောင်းမြတ်” ဆီစက် တစ်ခုတည်းက ထွက်တယ်လို့ မပြောပါ (မဆိုလိုပါ)ဘူး။ ကျွန်တော်တို့လို စားသုံး သူအပေါ်မှာ သစ္စာရှိတဲ့၊ စီးပွားရေးကို ဘာသာရေးအသိဥာဏ်နဲ့ ယှဉ်ပြီးလုပ်တဲ့ အခြား အခြားသော ဆီစက်တွေ၊ ဆီဆိုင်တွေ၊ ဆီလုပ်ငန်းရှင်တွေ မြောက်မြားစွာ ရှိတဲ့အထဲက မိမိတို့နဲ့ နီးစပ်ရာ လက်လှမ်းမီရာ ဆီသန့်၊ ဆီစစ်များကို ရွေးချယ် စားသုံးနိုင်ကြပါစေ။ ကဲ....... ဆောင်ပုဒ်လေးတွေကို ပြောင်းလဲကြည့်လိုက်ကြရအောင်။ “ဆီသန့်ရင် အသားလည်းမဖြစ်၊ ဘေးလည်းမဖြစ် ဆီမသန့်ရင် အသားမဖြစ်သော်လည်း ဘေးဖြစ်သည်”

0 comments:

Post a Comment